ဆီးချိုသမားတွေက ဘာလို့ ဆီးလမ်းကြောင်း ပိုးခဏခဏဝင်တာလဲ
Cause Overview
ဆီးလမ်းကြောင်း မကြာခဏပိုးဝင်တာဟာ ခြေထောက်မှာ အနာဖြစ်တာ၊ အမြင်အာရုံထိခိုက်တာတို့လိုပဲ ဆီးချိုသမားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာကတဆင့် ကျောက်ကပ်ပြည်တည်တာ၊ ကျောက်ကပ်ရောင်တာနဲ့ ကျောက်ကပ်ထိခိုက်ပျက်စီးတာအထိ ဖြစ်နိုင်လို့ ပေါ့ဆမနေသင့်တဲ့ ရောဂါတစ်ခုပါ။
ဘာလို့ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တာလဲ?
သွေးထဲမှာ သကြားဓာတ်တွေ များနေတာဟာ ခန္ဓာကိုယ်က ရောဂါပိုးတွေကို ခုခံကာကွယ်တိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။
ဒါ့အပြင် သွေးတွင်းသကြားဓာတ်များနေတဲ့သူတွေမှာ psoriadin လို့ခေါ်တဲ့ ရောဂါပိုးတွေကို ခုခံကာကွယ်ပေးတဲ့ သဘာဝပိုးသတ်ပေးတဲ့ ပရိုတင်းတစ်မျိုးလည်း နည်းနေတတ်ပါတယ်။ Psoriasin က ဘက်တီးရီးယားတွေ ဆီးအိမ်နံရံက ဆဲလ်တွေဆီ လာရောက်ကုပ်တွယ်ပြီး ပေါက်ဖွားနိုင်ခြင်း မရှိအောင်ကာကွယ်ပေးတဲ့ ပရိုတင်းဖြစ်ပါတယ်။
Psoriasin နည်းနေတဲ့အခါ ဆီးအိမ်ထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်နိုင်လို့ ဆီးလမ်းကြောင်း မကြာခဏ ပိုးဝင်တာပါ။
Living & Managing
ဘယ်လိုကုသလို့ရသလဲ?
သုတေသနတွေအရ အီစထရိုဂျင် ဟော်မုန်းဟာ psoriasin ပရိုတင်းတွေ ပုံမှန်ပြန်ရစေတယ်လို့ ဆိုပါတယ်။ အီစထရိုဂျင်ဟာ ဆီးအိမ်နံရံက ဆဲလ်တွေရဲ့ ဘက်တီးရီယားကာကွယ်တဲ့ လုပ်ငန်းကိုလည်း အထောက်အကူ ပေးပါတယ်။
အီစထရိုဂျင်ကို လိမ်းဆေးခရင်မ်အနေနဲ့ သုံးတာက သွေးကြောထဲကို စုပ်ယူမှုနည်းစေနိုင်သလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။ အီစထရိုဂျင်ကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်ပါတယ်။
ဆီးကို ဓာတ်ခွဲခန်းပို့ကာ စစ်ဆေးပြီး ဘက်တီးရီးယား ပေါက်ဖွားမှုအပေါ် မူတည်ပြီး လိုအပ်တဲ့ ပိုးသတ်ဆေးပေးကုသလို့လည်း ရတာမို့ ဆရာဝန်နဲ့ သေချာတိုင်ပင် ပြသသင့်ပါတယ်။
Support & Resources
ဘယ်လိုကာကွယ်မလဲ?
ဆီးချိုသမားတွေ ဆီးလမ်းကြောင်း ပိုးမဝင်ဖို့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတွင်း ထိန်းညှိထားနိုင်ဖို့ အရေးကြီးပါတယ်။ အင်ဆူလင်နဲ့ ဆီးချိုကျဆေးတွေ သုံးစွဲတာ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်တာ၊ ကိုယ်အလေးချိန်ထိန်းတာ၊
စိတ်ဖိစီးမှုလျှော့ချတာ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲတာတွေက ဆီးချိုထိန်းညှိပေးဖို့ အကောင်းဆုံး ဖြစ်စေမှာပါ။
ဆီးချိုထိန်းတာအပြင်
-ရေများများသောက်တာ (ဆီးမကြာခဏ သွားတဲ့အတွက် ဘက်တီးရီးယားတွေ တွယ်ကပ်ပေါက်ဖွားနိုင်ခြင်း မရှိတော့ပါဘူး)
-ဝမ်းမချုပ်အောင် သတိထားတာ (ဝမ်းချုပ်တဲ့အခါ မစင်တွေမှာပါတဲ့ ဘက်တီးရီးယားတွေက အူမကြီးကနေ ဆီးအိမ်ဘက်ကို ရောက်သွားပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်)
-အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းက တိုလို့ ပိုးဝင်နိုင်ခြေ ပိုများတဲ့အတွက် အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးတိုင်း ဆီးသွားတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး သေချာလုပ်တာမျိုး သတိထားလုပ်ဆောင်ရပါမယ်။
ဆီးလမ်းကြောင်းပိုးဝင်တာဟာ စိုးရိမ်စရာကောင်းပေမယ့်လည်း အရမ်းကြောက်ဖို့တော့ မလိုပါဘူး။ သေချာကာကွယ်ကုသလို့ ရတဲ့ရောဂါပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်